Bahuthuta Corner.com

GED အကြောင်း တစ်စေ့တစ်စောင်း

ကမ္ဘာပေါ်မှာ နိုင်ငံတွေအပေါ်မူတည်ပြီးတော့ သင်ယူလေ့လာရတဲ့ စံနှုန်းတွေ အသီးသီး ကွာခြားကြပါတယ်။ တစ်ချို့နိုင်ငံတွေက သိပ္ပံ နဲ့ သင်္ချာကို ဦးစားပေးကြတယ်။ တစ်ချို့တွေကကျတော့ ဘာသာ စကားကို အသားပေးကြသလို တစ်ချို့ နိုင်ငံတွေမှာ ကမ္ဘာ့စံနှုန်းနဲ့ လက်ခံသတ်မှတ်ထားတဲ့ သင်ရိုးညွှန်းတန်း တွေကို လက်ခံကြသလိုရှိပါတယ်။ အဲ့ဒီလို ကွာခြားမှုတွေ ရှိလာတာကြောင့်မို့  GED , SAT , IELTS , TOEFL , etc…. စသဖြင့် မျိုးစုံသော ပညာရေးသင်ရိုးညွှန်းတန်းတွေပေါ်ပေါက်လာပါတယ်။ ဒီထဲမှာ မှာ အမေရိကန် နိုင်ငံ ၊ ကနေဒါ နိုင်ငံ တို့ အပြင် နိုင်ငံပေါင်း ၅၀ ကျော်တို့က လက်ခံထားတဲ့ GED အကြောင်းဝေမျှပေးသွားပါမယ်။

GED ရဲ့ ဆိုတာ ဘာလဲ

              GED ကို General Educational Development လို့ အရှည်ခေါက်မှတ်ယူနိုင်ပြီးဘာသာပြန်ပေး ရရင်တော့ အထွေထွေပညာရေးဖွံဖြိုးတိုးတက်မှု လို့ အလွယ်တကူပဲ မှတ်ယူနိုင်ပါတယ်။ တနည်းအားဖြင့် အထက်တန်းပြီးဆုံးကြောင်းအောင်လက်မှတ်ဖြစ်တယ်။ ၁၉၄၂ ခုနှစ် ၊ နိုဝင်ဘာလ  မှာ စတင်ပေါ်ပေါက်ခဲ့တာဖြစ်ပြီးတော့ အမေရိကန်နိုင်ငံ ရဲ့ စစ်မှုထမ်းပြီး ပြန်တမ်းဝင်လာတဲ့ စစ်သည်တော်တွေအတွက် အသက်မွေးဝမ်းကျောင်းမှုပြုရန် ဒါမှမဟုတ် ပညာရေးကို ဆက်လက်လေ့လာရန်အတွက် ပညာရေးမှာအထက်တန်းကျောင်းအဆင့် ရှိမရှိကို စမ်းသပ်လေ့လာဖြေဆိုရတဲ့ ပညာရေး စနစ်တစ်ခုပဲဖြစ်ပါတယ်။ GED ပညာရေးကို ၁၉၈၈ ခုနှစ်မှာတော့ တတိယအကြိမ် ပြန်လည်စိစစ်တည်းဖြတ်ခဲ့ပြီး ၂၀၀၂ ခုနှစ်မှာ စတုတ္တအကြိမ် ပြန်လည်ပြီးတော့ စိစစ်တည်းဖြတ်ခဲ့ပါတယ်။ နောက်ဆုံးအကြိမ်ကိုတော့ ၂၀၁၄ ၊ ဇန်နဝါရီလ ၂ ရက်နေ့မှာ ပြန်လည်ပြီး စိစစ်တည်းဖြတ်ခဲ့ပါတယ်။

GED တွေ ဘာတွေ သင်ကြားရသလဲ

              GED ခေါ် အထွေထွေပညာရေးဖွံဖြိုးတိုးတက်မှု မှာဆိုရင် အဓိက သင်ကြားလေ့လာရတဲ့ ဘာသာရပ် ၄ မျိုးရှိပါတယ်။ အဓိက အားဖြင့် သင်္ချာ ၊ သိပ္ပံ ၊ ဘာသာရပ်ဆိုင်ရာ နဲ့ လူမှုဝန်းကျင် လေ့လာမှုဆိုပြီးတော့ အလွယ်တကူမှတ်ယူနိုင်ပါတယ်။ အင်္ဂလိပ်လို တိတိကျကျ ပြောရမယ်ဆိုရင်တော့ Mathematical Reasoning , Science , Reasoning Through Language Arts နဲ့ Social Study တို့ပဲဖြစ်ပါတယ်။ သင်္ချာ ဘာသာရပ်မှာတော့ အခြေခံ ဂဏန်းရေတွက်တာကနေစပြီးတော့ အထက်ကျောင်းအဆင့် အထိသင်ယူလေ့လာရပြီး သိပ္ပံမှာတော့ သက်ရှိတွေကို လေ့လာခြင်း ၊ ကမ္ဘာမြေကြီးနဲ့ စကြာဝဋ္ဌာကို လေ့လာခြင်း နဲ့ ဓာတ်တုဗေဒနဲ့လက်တွေ့အသုံးချ သိပ္ပံတွေကို လေ့လာရပါတယ်။ ဘာသာရပ်ဆိုင်ရာ ဘာသာရပ်မှာတော့ အခြေခံ အင်္ဂလိပ်စာ သဒ္ဒါ နဲ့ စာကို အကျိုးအကြောင်းဆီလျော်အောင် ရေးဖတ်တတ်စေဖို့ ရည်ရွယ်ပြီး လူမှုဝန်းကျင်ဆိုင်ရာ ဘာသာရပ်မှာဆိုရင် အမေရိကန်နိုင်ငံ သမိုင်းကြောင်း ၊ အမေရိကန်နိုင်ငံရဲ့ အခြေခံဥပဒေ ဖွဲ့စည်းတည်ဆောက်ပုံ နဲ့ ကမ္ဘာ့သမိုင်းကို လေ့လာသင်ယူရပါတယ်။

GED ကို ဘယ်လိုဖြေဆိုရသလဲ

              GED ကို ဖြေဆိုဖို့အတွက် ဖြေဆိုမယ့် ကျောင်းသား (သို့ ) ကျောင်းသူဟာ အနည်းဆုံး အသက် ၁၆ နှစ် ပြည့်မှီပြီးသူဖြစ်ရပါမယ်။ နေရာဒေသအပေါ်မူတည်ပြီး တစ်ချို့နေရာတွေမှာ အသက် ၁၇ နှစ်သော်လည်းကောင်း ၊ အသက် ၁၆ မပြည့်သေးသော်ငှားလည်း မိဘအုပ်ထိန်းသူရဲ့ သဘောတူညီချက် စာရွက်စာတန်းနဲ့ သော်လည်း ဖြေဆိုနိုင်ပါတယ်။ ဖြေဆိုမယ့်သူဟာ သက်ဆိုင်ရာ ဒေသရဲ့ GED စင်တာ ရှိတဲ့ ကျောင်းတွေ ဒါမှမဟုတ် သင်တန်းနေရာတွေကို ဆက်သွယ်ပြီးတော့ စာရင်းသွင်းလုပ်ဆောင်ရပါမယ်။ ပြီးမှသာ လိုအပ်တဲ့ ငွေကြေးသွင်းပြီးတော့ အွန်လိုင်းကနေ တစ်ဆင့် သတ်မှတ်ထားတဲ့ ရက်မှာ သက်ဆိုင်ရာ GED စင်တာ မှာ ဖြေဆိုရပါမယ်။ ဖြေဆိုရန်အတွက် အခြေခံအားဖြင့် တစ်ဘာသာကို ဒေါ်လာ ၄၀ ကျသင့်မှာဖြစ်ပြီးတော့ ၄ ဘာသာအတွက်ဆိုရင် ဒေါ်လာ ၁၂၀ ဝန်းကျင် ကျသင့်ပါတယ်။ ကုန်ကျငွေက ကိုယ်ဖြေဆိုမယ့် နိုင်ငံ နဲ့ ဒေသအပေါ်တွေမှာ မူတည်ပြီးတော့ ကွာခြားမှုလေးတွေရှိနိုင်ပါတယ်။

GED ဖြေဆိုပြီးရင် ဘယ်လိုသက်ရောက်မှုတွေ ရှိနိုင်သလဲ

              GED ဖြေဆိုပြီးတဲ့အခါမှာတော့ နိုင်ငံနဲ့ နေရာဒေသအပေါ်မူတည်ပြီးတော့ သက်ရောက်မှုလေးတွေ ကွာခြားပါတယ်။ GED ပညာရေးစနစ်ကို လက်ခံနိုင်တဲ့ ဒေသမှာဆိုရင် ကိုယ်ဟာ သူတို့ သတ်မှတ်ထားတဲ့ အထက်တန်းကျောင်းအဆင့်ပညာရေးကို တတ်မြှောက်ပြီးသားလို့ မှတ်ယူလို့ရတဲ့အတွက်ကြောင့်မို့ ကောလိပ်တွေ ၊ ကျောင်းတွေ ၊ တက္ကသိုလ်တွေကို ဝင်ရောက် လျှောက်ထားပြီး ပညာရေးကို ဆက်လက်သင်ယူနိုင်ပါတယ်။ ဒါ့အပြင် အလုပ်ခွင်ဝင်တဲ့အခါမှာလည်း ကိုယ့်ရဲ့ ပညာရေးအခြေအနေကို ဖော်ညွှန်းပြသလို့ရပါတယ်။ ဒါပေမယ့် GED ပညာရေးကို လက်မခံတဲ့ နေရာဒေသတွေမှာဆိုရင်တော့ တခြား ထပ်ဆောင်းပြသစရာ ပညာရေးသင်ယူမှု တစ်ခုလိုအပ်ပါလိမ့်မယ်။

              အခုဆိုရင်တော့ GED နဲ့ ပတ်သတ်တာ သိသင့်တဲ့ အခြေခံ အချက်ကလေးတွေ ဝေမျှခဲ့ပေးပြီးပါပြီ။ GED ဟာ အထက်တန်းအဆင့် ပညာရေးတစ်ခု ဖြစ်တာတစ်ကြောင်း ၊ နိုင်ငံတကာက နိုင်ငံ အများစု ၊ ကျောင်းတွေ ၊ တက္ကသိုလ်တွေမှာလည်း လက်ခံတာကြောင့်မို့ ကိုယ်ဟာ နိုင်ငံရပ်ခြားနဲ့ ဆက်သွယ်သွားလာ ပညာသင်ယူချင်တယ် ၊ အလုပ်လုပ်ကိုင်ချင်တယ်ဆိုရင် GED ကို လေ့လာပြီး ဖြေဆိုထားသင့်ပါတယ်။ အချိန်ကာလ အားဖြင့် ၆ လ ကနေ ၁ နှစ် အထိ လေ့လာသင်ယူရတာမို့တခြား ပညာရေးတွေထက်စာရင် လေ့လာသင်ယူရတဲ့အချိန်က တိုတောင်းတာက GED ရဲ့ အားသာချက်တစ်ခုပါပဲ။ အကယ်၍ ကိုယ်ဟာ အမေရိကန်နိုင်ငံ ၊ ထိုင်းနိုင်ငံ စသဖြင့်တို့ကို ရည်စူးထားတဲ့သူဆိုရင်တော့ GED ဟာ မဖြစ်မနေလုပ်ရမယ့် ပညာရေးတစ်ခုဆိုတာကို အကြံပေးနိုင်ပါတယ်။ ဒီနေ့မှာ ဒီလောက်နဲ့ပဲ ရပ်နားလိုက်ပါမယ်။

Ref – Wikipedia

Share:

More Posts

Send Us A Message