Bahuthuta Corner.com

GED Social Study အတွက် သိထားသင့်သမျှ 

GED ဖြေဆိုတဲ့ ကျောင်းသားတွေအတွက် သင်္ချာ နဲ့ သိပ္ပံ ဟာ ခက်ခဲတဲ့ဘာသာရပ်တွေမဟုတ်ပေမယ့် Social Study လို့ ကြားလိုက်ရရင် သွေးတိုးချင်သလိုလို ၊ ကိုယ်ပူချင်သလိုလို တစ်မျိုးကြီးဖြစ်ဖြစ်သွားတာကို ကြုံဖူးကြမှာပါ။ တကယ်တမ်းမှာလည်း ကျွန်တော်တို့ ဖြတ်သန်းလာခဲ့တဲ့ ပညာရေးမှာ Social Study ဆိုတာ မရှိခဲ့တဲ့ အရာတစ်ခု ဖြစ်တာတစ်ကြောင်း ၊ ကျွန်တေ်ာတို့ ကြားဖူးနေတဲ့ ဘာသာရပ်တစ်ခုမဟုတ်တာကြောင့် တစ်ကြောင်း ထိတ်လန့်ကြတာပါ။ ဒီကနေ့မှာတော့ Social Study ဟာ ဘာအတွက်လဲ ၊ ဘာတွေ ပါဝင်သလဲ ၊ ဖြေဆိုမယ့် ကျောင်းသားတွေ အနေနဲ့ ဘယ်အရာတွေကို ရှာဖွေလေ့လာနိုင်သလဲဆိုတာကို ဗဟုသုတကနေပြီးတော့ ဝေမျှပေးသွားပါမယ်နော်။ 

GED Social Study ဆိုတာဟာ တစ်နည်းအားဖြင့်တော့ အမေရိကန်ပြည်ထောင်စု အကြောင်း ၊ ကမ္ဘာ့သမိုင်းကြောင်းနဲ့ ကမ္ဘာ့စီးပွားရေး ၊ ပထဝီဝင်ဆိုင်ရာ အချက်အလက်တွေနဲ့ ပတ်သတ်တဲ့ ဘာသာရပ်တစ်မျိုးပဲဖြစ်ပါတယ်။ မြင်သာအောင်ခွဲခြမ်းပြရရင် အမေရိကန်ပြည်ထောင်စုအကြောင်းဟာ 60 % ၊ကမ္ဘာ့သမိုင်းကြောင်းဟာ 30 % နဲ့ ကျန်၂ ခု ဟာ 5 % စီလောက်ပါဝင်ပါတယ်။ ဒီနေရာမှ သိသင့်တာဟာ မေးခွန်းပုံစံမှာ ပါဝင်တဲ့ မေးခွန်းတွေက ဒီအချိုးကျနဲ့သက်ဆိုင်မှုမရှိဘူးဆိုတာကိုတော့ မှတ်ထားရပါမယ်။ 

အမေရိကန်ပြည်ထောင်စုအကြောင်းကို လေ့လာတဲ့အခါမှာ အရင်ဆုံး အမေရိကတိုက်ကြီးကို စတွေ့တဲ့အချိန်ကနေ စတင်လေ့လာရပါမယ်။ တကယ်တမ်းအမေရိကတိုက်ကြီးကို ရှာမတွေ့ခင်အချိန်ကတည်းက နေထိုင်ခဲ့တဲ့ မျိုးစုတွေ ၊ သူတို့ ဘယ်လိုရောက်လာကြသလဲဆိုတဲ့ သမိုင်းကြောင်းတွေပါ ပါဝင်ပါတယ်။ နောက်ပိုင်းမှာ ဖြစ်ပေါ်လာတဲ့ 13 colonies တွေအကြောင်း ၊ မြောက်ပိုင်း နဲ့ တောင်ပိုင်းအကြောင်း ၊ ဘယ်ဒေသတွေက ဘာတွေကို လုပ်ကိုင်ကြသလဲ ၊ ဘယ်ဒေသတွေမှာ ဘာတွေ ပါဝင်သလဲဆိုတာတွေကို ဆက်စပ်လေ့လာရပါမယ်။

အမေရိကန် ပြည်ထောင်စုအကြောင်းကို လေ့လာတဲ့အခါမှာ သူတို့ရဲ့ Civil War အကြောင်းက မဖြစ်မနေရှာဖွေဖတ်ရှု့ရမယ့် အကြောင်းအရာ တစ်ခုဖြစ်ပါတယ်။ Civil War က ဘာကြောင့် ဖြစ်ပေါ်လာသလဲ ၊ ဘယ်လိုဖြစ်ပေါ်သလဲ၊ သူတို့ ဖြစ်ပေါ်စေတဲ့ အကြောင်းအရာနဲ့ တွန်းအားတွေကဘာတွေလည်း ၊ ဘာကြောင့် အမေရိကန်ပြည်ထောင်စုရဲ့ သမိုင်းမှာ လူအသေအပျောက်အများဆုံး တိုက်ပွဲဖြစ်ခဲ့တာလည်း ၊ ဘယ်ဘက်က နိုင်ခဲ့တာလဲ ၊ ဘာလို့ နိုင်သွားတာလဲ အစရှိတာတွေက အရေးကြီးတဲ့ အကြောင်းအရာတွေပဲဖြစ်ပါတယ်။ ဒါ့အပြင် Civil War ပြီးတော့ ဘာတွေဆက်ဖြစ်ကြသလဲ ၊ ဘာတွေဆက်လုပ်ကြသလဲဆိုတာကိုပါ လေ့လာရပါမယ်။ တစ်ဆက်တည်း သူတို့တွေခံယူထားတဲ့ Manifest Destiny အကြောင်းကိုပါ လေ့လာဖတ်ရှု့ရပါမယ်နော်။ 

Civil War အကြောင်းလေ့လာပြီးတဲ့အခါမှာဆိုရင်တော့ အမေရိကန်နိုင်ငံရဲ့ ပထမဦးဆုံး သမ္မတအကြောင်းနဲ့ သမ္မတတွေအကြောင်းကို ဆက်လက်ဖတ်ရှု့ရပါမယ်။ ဒါ့အပြင် သမ္မတတွေတိုင်းမှာ ထူးခြားတဲ့ လုပ်ဆောင်ချက်တွေနဲ့ ထင်ရှားတဲ့အချက်တွေရှိပါတယ်။ ဒါတွေကို လိုက်လံရှာဖွေဖတ်ရှု့ထားရပါမယ်။ ဒါ့အပြင် အမေရိကန်ပြည်ထောင်စုကို ဒီမိုကရေစီလမ်းကြောင်းတင်ပေးခဲ့တဲ့ Founding Fathers တွေအကြောင်း သူတို့ရဲ့ Bill of rights တွေနဲ့ အမေရိကန် ပြည်ထောင်စုမှာ ကျင့်သုံးတဲ့ တရားစီရင်ရေး ၊ Check and balance ၊ သူတို့ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ အစရှိတာတွေက GED Social Study မှာ မဖတ်မဖြစ် လေ့လာဖတ်ရှု့ရမယ့် အဓိကကျတဲ့ အကြောင်းအရာတွေပဲဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ကျင့်သုံးတဲ့ တရားစီရင်ရေးမှာဆိုရင် ထင်ရှားထူးခြားတဲ့ အမှု့ကိစ္စတွေကလည်း မေးလေ့မေးထရှိပြီး အရေးကြီးတာမို့ လိုက်လံရှာဖွေဖတ်ရှု့ရပါမယ်။ 

အမေရိကန်ပြည်ထောင်စုအကြောင်းလေ့လာပြီး ကမ္ဘာ့ကြောင်းကို လေ့လာမယ်ဆိုရင် အဓိကအားဖြင့် ပထမကမ္ဘာ့စစ် ၊ ဒုတိယကမ္ဘာ့စစ် ၊ နိုင်ငံတွေနဲ့ သူတို့ရဲ့ ကျင့်သုံးတဲ့ နိုင်ငံရေးစနစ်တွေ ၊ စီးပွားရေး စနစ်တွေ အကြောင်းကို လေ့လာထားရပါမယ်။ ပထမကမ္ဘာ့စစ်က ဘာကြောင့်ဖြစ်ပေါ်တာလဲ။ ပထမကမ္ဘာ့စစ်ဖြစ်ပေါ်တာကြောင့် ဘယ်လို သက်ရောက်မှုတွေ ဖြစ်သွားသလဲ။ အစရှိတာတွေအပြင် ဒုတိယ ကမ္ဘာ့စစ်ကကော ဘာကြောင့်ဖြစ်ပေါ်တာလဲ။ အမေရိကန်ရဲ့ ပါဝင်ပတ်သတ်မှုဟာ ဘယ်လိုရှိသလဲ။ ဘယ်အဖွဲ့အစည်းတွေ ပေါ်ပေါက်ခဲ့ပြီး သူတို့ရဲ့ ဦးတည်ချက်နဲ့ ရပ်တည်ချက်တွေက ဘာလဲ။ NATO မှာ ဘယ်သူတွေပါသလဲ။ ဘာကြောင့်ဖွဲ့စည်းတာလဲ။ Warsaw Pact ကကော ဘာကြောင့်ပေါ်လာတဲ့ အစရှိတာတွေကိုပါ တစ်ဆက်တည်း လေ့လာဖတ်ရှု့ရပါမယ်။ 

ဒါ့အပြင် နိုင်ငံရေးမှာ အကြောင်းတွေ ၊ ဘယ်နိုင်ငံက ဘယ်လို နိုင်ငံရေးစနစ်ကို ကျင့်သုံးသလဲ။ သူတို့ရဲ့ကျင့်သုံးတဲ့ နိုင်ငံရေး စနစ်ကြောင့် ဘာတွေဖြစ်ပေါ်လာသလဲ။ ဘယ်လိုအကျိုးသက်ရောက်မှုရှိသလဲ။ ဘယ်နိုင်ငံတွေက ပြိုလဲသွားသလဲ။ ဘာ့ကြောင့်လဲ။ ပြိုလဲသွားရတဲ့ နိုင်ငံရေး စနစ်ဟာ ဘယ်လိုအားနည်းချက်ရှိလဲ။ အစရှိတာတွေပါလေ့လာရပါမယ်။ ဒါ့အပြင် ဆက်စပ်ပြီးတော့ ကမ္ဘာ့မြေပုံ ကြည့်တတ်အောင်လေ့လာမယ်။ ဒေသဆိုင်ရာ ဗဟုသုတအချို့ရအောင်လေ့လာထားမယ်ဆိုရင် GED Social Study ဟာ သင့်အတွက် ကြောက်စရာကောင်းတော့မယ်မထင်ပါဘူးနော်။ 

အကျဉ်းချူပ်ရရင် GED Social Study ဆိုတာဟာ ကျွန်တော်တို့ရဲ့ မရင်းနှီးသေးလို့ ကြောက်နေကြတဲ့ သဘောပါပဲ။ သူ့သဘောတရားနဲ့ အကြောင်းအရာဟာ ရိုးရှင်းပါတယ်။ ကျွန်တေ်ာတို့ကို အထွေထွေဗဟုသုတရစေချင်တယ်။ စာပုဒ်တစ်ခုကိုဖတ်ပြီး ကောက်ချက်ချစေချင်တယ်။ မတူညီတဲ့ အတွေးအခေါ်ရှု့ထောင်ကနေ တွေးခေါ်စေချင်တယ်။ ဒါတွေကိုသိနားလည်ထားရင် Social Study ဟာ ကြောက်ဖို့မကောင်းတော့ပါဘူးနော်။ ကျွန်တော်တို့ ဝေမျှခဲ့တဲ့ အကြောင်းအရာဟာ GED Social Study မှာ မဖြစ်မနေ သိထားသင့်တဲ့အကြောင်းအရာလေးတွေပဲဖြစ်ပါတယ်။ သင်ရိုးညွှန်းတန်းရယ်လို့ မရှိတာကြောင့် ကိုယ်အားသန်သလို ပိုမိုလေ့လာလို့လည်းရပါတယ်။ အများစု လေ့လာနေကြဖြစ်တဲ့ Princeton ၊ McGraw ၊ Kaplan တို့ အပြင် ဖြစ်နိုင်ရင် Online မှာရှိတဲ့ Practice Test တွေအပြင် Flash Cards တွေကိုပါ ပိုမိုလေ့လာနိုင်ရင်တော့ အကောင်းဆုံးပါပဲလို့ ပြောရင်း ဒီမှာပဲ နိဂုံးချူပ်ပါရစေ။ အဆုံးထိဖတ်ရှု့ပေးလို့ ကျေးဇူးတင်ပါတယ်ခင်ဗျ။ 

-Bahuthuta Corner

Share:

More Posts

Send Us A Message