(unicode)
HIV ပိုးဟာ ခန္ဓာကိုယ်တွင်းမှာ ရှိတဲ့ ကိုယ်ခံအားကို သီးသန့်တိုက်ထုတ်တဲ့ ရောဂါပိုးတစ်မျိုးပဲ ဖြစ်ပါတယ်။ HIV ပိုးရဲ့ အရှည်ကောက်ကို Human Immunodeficiency Virus လို့ခေါ်ပြီး HIV ရောဂါပိုးဟာ ၁၈၀၀ ပြည့်နှစ်များက ချင်ပန်ဇီမျောက်တွေဆီကနေမှ တစ်ဆင့်လူသားတွေဆီကို ကူးစက်လာတယ်လို့ လေ့လာတွေ့ရှိကြပါတယ်။ ပထမဦးဆုံး လူသားမှာတွေ့ရှိခဲ့တဲ့ HIV ရောဂါပိုးကို ၁၉၅၉ ခုနှစ် ၊ ကွန်ဂိုနိုင်ငံမှာ ရှိတဲ့ အမျိုးတစ်ယောက်ဆီက သွေးနမူနာမှာတွေ့ရှိခဲ့ပါတယ်။
HIV ရောဂါပိုးဟာ သွေးကနေ တစ်ဆင့်ကူးစက် နိုင်ပြီးတော့ ယခုအချိန်ထိ ပျောက်ကင်းအောင် ကုသနိုင်တဲ့ ဆေးဝါးမရှိသေးတဲ့ ရောဂါပိုးအမျိုးစားတစ်မျိုးပါ။ HIV ရောဂါပိုးက ခန္ဓာကိုယ်ထဲ ဝင်ရောက်လာတဲ့အခါမှာတော့ တခြားသောရောဂါပိုးများ နဲ့ ပြင်ပ အရာတွေကို တိုက်ထုတ်ပေးနေတဲ့ ဆဲလ်တွေကို အဓိက ထားပြီးတော့ တိုက်ခိုက်ပါတယ်။ အဆိုပါ တိုက်ခိုက်မှုတွေ ပြုလုပ်တာကြောင့် ခန္ဓာကိုယ်ဟာ အလွန်အမင်းအားနည်းလာပြီးတော့ AIDS ( Acquired immune deficiency syndrome ) ဆိုတဲ့ နာတာရှည်ရောဂါကပ်စွဲမှု တစ်ခုရှိလာမှာပါ။
HIV ရောဂါပိုးကူးစက်ခံရသူဟာ ကိုယ်ခံအားတွေမရှိတော့တာကြောင့် ဖျားနာမှုတွေ ၊ ပြင်ပမှ ထိခိုက်ဒဏ်ရာရရှိမှုတွေကို မခံနိုင်တော့ပဲ နောက်ဆုံးမှာ အသက်ဆုံးရှုံးရတဲ့ အထိ ဖြစ်နိုင်ပါတယ်။ ယခု အချိန်မှာတော့ HIV ရောဂါပိုးကို အလုံးဆုံ ပျောက်ကင်းအောင် ကုသပေးနိုင်တဲ့ ဆေးဝါးတွေ မရှိသေးပေမယ့် နဂိုရှိရင်းစွဲရောဂါပိုးများကို ထပ်မပွားနိုင်အောင် ထိန်းသိမ်းထားနိုင်တဲ့ ဆေးဝါးတွေပေါ်ပေါက်နေပြီပဲဖြစ်ပါတယ်။ ( ဥပမာ – ART ခေါ် antiretroviral drugs ဟာ ကိုယ်တွင်းမှာရှိတဲ့ ရောဂါပိုးအရေအတွက်တိုးပွားနှုန်းကို ရပ်တန့်စေပြီး ကျန်ရှိနေတဲ့ ကိုယ်ခံအားဆဲလ်တွေကို ဆက်လက်မထိခိုက်စေတော့ပဲ လက်ကျန်ကိုယ်ခံအား နဲ့ ပြန်လည်တည်ဆောက်စေတဲ့ ဆေးတစ်မျိုးပဲဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ၁ ရက်ကို ၄ လုံးသောက်ရပါတယ်။ )
HIV ကူးစက်ခံရသူလူနာဟာလည်း စနစ်တကျ ဆေးဝါးနဲ့ ကုသမှုခံယူပြီးတဲ့အခါ အခြားသူတွေကို မကူးစက်စေနိုင်တော့ပဲနဲ့ သက်တမ်းစေ့နေထိုင်နိုင်ပါပြီ။ ဒါပေမယ့် HIV ရောဂါပိုးနဲ့ ပတ်သတ်ပြီးတော့ အမှတ်မှားနေကြတဲ့ အချက်အလက်ကလေးတွေနဲ့ အကြောင်းအရာလေးတွေလည်းရှိနေသေးတာမို့ HIV ရောဂါပိုးနဲ့ ပတ်သတ်တဲ့ အချက်အလက်တစ်ချို့ကို ဝေမျှပေးလိုက်ပါရစေ။
၁။ HIV ရောဂါပိုးဟာ သွေး ၊ သုတ်ရည် ၊ ကိုယ်တွင်းအရည်တွေကနေမှ တစ်ဆင့်ကူးစက်နိုင်ပါတယ်။
၂။ တံတွေး ၊ ချွေး ၊ ဆီးတို့မှ တစ်ဆင့် ကူးစက်နိုင်ခြင်းမရှိပါ။
၃။ သမီးရည်းစားခြင်း ပွေ့ဖက်တာ ၊ နမ်းရှုံတာ ၊ သာမန်ထိတွေ့တာမျိုးကနေ ကူးစက်နိုင်ခြင်းမရှိပါ။
၄။ ရောဂါပိုးရှိရဲ့ သွေး ၊ သုတ်ရည် ၊ ကိုယ်တွင်းအရည်တွေကတစ်ဆင့် ကိုယ့်သွေးထဲကို ဝင်ရောက်မှသာ ကူးစက်နိုင်ပါတယ်။
၅။ ရောဂါပိုး ရှိသူ မိခင် မှ တစ်ဆင့် ကိုယ်ဝန်ဆောင်ကလေးကိုလည်း ကူးစက်နိုင်ပါတယ်။
၆။ ရောဂါပိုးကူးစက်ခံရသူဟာ ၂ ပတ်မှ ၆ ပတ်အတွင်း ဖျားနာခြင်း ၊ ဗိုက်အောင့်ခြင်း ၊ ဝမ်းလျှောခြင်း ၊ ကြွက်သားများကိုက်ခဲခြင်း စသော လက္ခဏာများကို ပြသပါတယ်။
၇။ HIV ရောဂါပိုးကူးစက်ခံထားရသူမှာ သိသာထင်ရှားတဲ့ လက္ခဏာမရှိပါ။ သွေးစစ်ကြည့်မှသာလျှင် သိနိုင်ပါတယ်။
၈။ လိင်မှုကိစ္စတစ်ခုတည်းကနေ HIV ရောဂါပိုး မကူးစက်နိုင်ပါ။ မူးယစ်ဆေးဝါးမျှဝေသုံးစွဲခြင်း ၊ ရောဂါပိုးရှိသူရဲ့ သွေးကိုသွင်းမိခြင်း ၊ ထိခိုက်ဒဏ်ရာရခြင်းတို့မှလည်း အလွယ်တကူ ကူးစက်နိုင်ပါတယ်။
၉။ HIV ရောဂါပိုးဟာ ပြင်ပလေထုထဲမှာ ကြာရှည်စွာ အသက်မရှင်နိုင်ပါ။
၁၀။ HIV ရောဂါပိုး ကူးစက်ခံရကြောင်းသိရတဲ့အခါမှာ လုံလောက်တဲ့ ဆေးဝါးနဲ့ ကုသမှုခံယူပြီးရင် ရောဂါပိုးကို ထပ်မံမပွားတော့အောင်ထိန်းထားနိုင်ပါတယ်။ HIV ရောဂါပိုးဟာ မျက်စိနဲ့ မမြင်ရတဲ့ အပြင် သိသာထင်ရှားတဲ့ လက္ခဏာမရှိတာကြောင့် ကူးစက်မှန်း မသိတဲ့ ရောဂါပိုးတစ်မျိုးပဲဖြစ်ပါတယ်။ ယခင်အချိန်တွေမှာ ရောဂါပိုးကူးစက်ခံထားရတဲ့သူတွေကို ကြောက်ရွံပြီး ဖယ်ကျဉ်တတ်ကြတာကြောင့် ရောဂါပိုးကူးစက်ခံထားရတဲ့သူအတွက် စိတ်ပိုင်းဆိုင်ရာကိုများစွာထိခိုက်ပြီး အခြေအနေများကို ပိုမိုဆိုးရွားစေပါတယ်။ လုံလောက်တဲ့ ကျန်းမာရေး အသိပညာရှိမှုနဲ့ နွေးထွေးတဲ့ ဖေးမ မှုများဟာ ရောဂါပိုးကူးစက်ခံထားရသူတွေကို သာမန်လူတစ်ယောက်ကဲ့သို့ ဆက်လက်ရှင်သန်စေဖို့ အရေးအကြီးအဆုံးအချက်ပါပဲ။ ရောဂါပိုးကူးစက်ခံရသူဟာလည်း ရှက်ကြောက်မနေပဲနဲ့ ဆရာဝန်များ ၊ နီးစပ်ရာကျန်းမာရေးဝန်ဆောင်မှု ပေးနေတဲ့အဖွဲ့အစည်းတွေမှာ ပွင့်ပွင့်လင်းလင်း တိုင်ပင်ရင်ဖွင့်ပြီးတော့ လိုအပ်တဲ့ ဆေးဝါးကုသမှုကို ရယူဖို့လိုပါတယ်။ စာဖတ်သူတို့ရေ ကိုယ့်ပတ်ဝန်းကျင်မှာလည်းဒီရောဂါပိုး ကူးစက်ခံထားရတဲ့သူရှိရင် လုံလောက်တဲ့ ဆေးဝါးကုသမှု နဲ့ အသိပညာပေးအချက်အလက်လေးတွေ ရရှိအောင် ဝေမျှပေးကြပါဦးနော်။
Ref – https://www.beintheknow.org/understanding-hiv-epidemic/context/origin-hiv-and-aids
Ref – Internet