( Unicode )
Professionalism ဆိုတာ ကျွန်တော်တို့ လုပ်ငန်းခွင်တွေမှာ မကြာခဏ ကြားနေရတဲ့ professionalရဲ့ နာမ်အဓိပ္ပာယ်ပါ။ Professionalism ကို အလွယ်နည်းနဲ့ အဓိပ္ပာယ်ဖွင့်ဆိုရရင်တော့ လုပ်ငန်းတစ်ခုကို လုပ်ကိုင်သူ ရဲ့ အရည်အချင်း ၊ တာဝန်ယူမှု ၊ တာဝန်ခံမှု ၊ ကျွမ်းကျင်မှု ၊ စောင့်ထိန်းအပ်သော ကျင့်ဝတ်တို့ကို စောင့်ထိန်းနိုင်မှု စသည်တို့ကို အကျဉ်းချူပ်ပြီး စုစည်းထားတယ်လို့ သတ်မှတ်လို့ရပါတယ်။
လုပ်ငန်းလုပ်ကိုင်သူတွေ ကြားထဲမှာ လုပ်ငန်းအပေါ်ကို ထားကြတဲ့ သဘောထားနဲ့ စံနှုန်းတွေက ကွာခြားကြပါတယ်။ တစ်ချို့သူတွေက ကိုယ့်လုပ်ငန်းတစ်ခုကို စိတ်ရော ကိုယ်ပါနှစ်မြုပ်ပြီး လုပ်တတ်ကြပေမယ့် တစ်ချို့သူတွေကတော့ အလုပ်တစ်ခုကို တာဝန်ယူမှု ၊ တာဝန်ခံမှု မရှိပဲ လျော့တိလျောရဲ သတ်မှတ်ပြီး လုပ်ကိုင်တတ်ကြပါတယ်။ တကယ်တမ်း လူအများ ၊ အသင်းအဖွဲ့ ၊ အဖွဲ့အစည်းတစ်ခုနဲ့ အလုပ်လုပ်ကြရတဲ့အခါမှာတော့ ကိုယ့်ရဲ့အလုပ်အပေါ်ကို ထားတဲ့သဘောထားနဲ့ လုပ်နိုင်စွမ်းဟာ အရမ်းအရေးကြီးလာပါပြီ။ ကိုယ်တစ်ဦးတစ်ယောက်တည်း ထူးချွန်ပြီး ကောင်းနေလွန်းလို့ တစ်ဖွဲ့လုံး ထိုးထွက်ပြီး မထူးချွန်နိုင်သလိုပဲ ကိုယ်တစ်ဦးတစ်ယောက်ရဲ့ ပေါ့လျော့မှုတွေ ၊ အလေးအနက်မရှိမှုတွေကြောင့်လည်း ကိုယ်နဲ့ အလုပ်လုပ်ကိုင်ကြသူတွေဟာ ထင်သလောက်အလုပ်မတွင် ရှေ့မရောက်နိုင်ပဲ နစ်နာဆုံးရှုံးမှုတွေရှိတတ်ပါတယ်။
ဒါကြောင့်မို့လို့ လုပ်ငန်းခွင်ဝင်ကြတဲ့သူတွေမှာ ဒါမှမဟုတ် လုပ်ငန်းလုပ်ကိုင်ကြသူတွေမှာ ကိုယ်တာဝန်ယူရတဲ့ အလုပ်အပေါ်ကို စံနှုန်းတစ်ခုသတ်မှတ်ပြီးတော့ အလေးအနက်ထားလုပ်ကိုင်ဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ professional ဆန်တဲ့ဆိုတဲ့ အကြောင်းအရာလေးက ပါဝင်ပတ်သတ်လာပါပြီ။ ကိုယ့် လုပ်ငန်းခွင်ထဲမှာပဲဖြစ်ဖြစ် ၊ ကိုယ့်ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် ကိုယ်ဟာ ကိုယ်တာဝန်ယူပြီး လုပ်ကိုင်မယ့် အလုပ်တစ်ခုကို professional ဆန်ဆန်လုပ်ကိုင်နိုင်တာဟာ အင်မတန်ကို အကျိုးရှိပြီး ကိုယ့် နာမည်အတွက်လည်း ကောင်းစေမှာမို့လို့ professional တစ်ယောက်မှာရှိသင့်ရှိထိုက်တဲ့ စံနှုန်းတစ်ချို့ကို ဖော်ပြပေးသွားပါမယ်။
၁။ ကိုယ်ယူထားတဲ့ တာဝန်ကို အကောင်းဆုံး ထမ်းဆောင်ပါတယ်။
Professional ဆန်သူတစ်ယောက်ဟာ ကိုယ်လုပ်မယ်ဆိုတဲ့ တာဝန်ယူထားတဲ့ အလုပ်တစ်ခုကို အကောင်းဆုံးလုပ်ဆောင်ပါတယ်။ ဒီနေရာမှာ ဥပမာ တစ်ခုနဲ့ ပြောပြရရင် ကိုယ်ဟာ ၁၀၀၀၀ တန်လုပ်အားကို ထုတ်လုပ်နိုင်သူတစ်ယောက်ဖြစ်တယ်။ ဒါပေမယ့် ၅၀၀၀ တန် အလုပ်တစ်ခုကို လက်ခံပြီးတဲ့ အချိန်မှာ ကိုယ့်လုပ်နိုင်စွမ်းအားကို ၅၀၀၀ အထိပဲ လျော့ချပစ်တာမျိုးဟာ မဖြစ်သင့်တဲ့အရာတစ်ခုပါ။ ကိုယ်ဟာ အလုပ်ကို မလက်ခံရသေးခင်မှာ ငြင်းဆိုပိုင်ခွင့်အပြည့်အဝရှိပါတယ်။ ဒါမှ မဟုတ် ညှိနှိုင်းပိုင်ခွင့်အပြည့်အဝရှိ ပါတယ်။ ဒါပေမယ့် အလုပ်ကို လက်ခံပြီးတဲ့အချိန်မှာတော့ ၅၀၀၀ တန် ပဲဖြစ်ဖြစ် ၃၀၀၀ တန်တန် ပဲဖြစ်ဖြစ် ဒါတွေဟာ အရေးမကြီးတော့ပါဘူး။ အရေးကြီးတာဟာ ကိုယ်တာဝန်ယူလက်ခံထားတာဖြစ်လို့ ကိုယ် လုပ်နိုင်စွမ်းအားအကောင်းဆုံးကို လုပ်ဆောင်ရမှာပဲဖြစ်ပါတယ်။
၂။ လုပ်ငန်းခွင်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုရှိတယ်။
လုပ်ငန်းခွင်နဲ့ ပတ်သတ်ပြီးတော့ လုံလောက်တဲ့ ကျွမ်းကျင်မှုရှိဖို့ကမဖြစ်မနေလိုအပ်ပါတယ်။ ဘယ်သူမဆို မွေးကတည်းက မတတ်တာမို့ အကုန်လုံးက အခြေခံကနေစပြီးသင်ယူရတာတွေချည်းပါပဲ။ ဒါပေမယ့် ကိုယ်တာဝန်ယူရမယ့် လုပ်ငန်းဆိုင်ရာ ကိစ္စအရပ်ရပ်တွေမှာတော့ ကျွမ်းကျင်မှုမရှိတာ ၊ လေ့လာလိုက်စားမှုမရှိတာဟာ မဖြစ်သင့်တဲ့ ကိစ္စရပ်တစ်ခုပါ။ ကိုယ်ဟာ ကျွမ်းကျင်မှုမရှိသေးရင်တောင်မှ အခြေခံကျတဲ့ အချက်တွေနဲ့ လေ့လာလိုက်စားမှုအတွက် စိတ်အားထက်သန်မှု ရှိဖို့လိုပါတယ်။ Professional တစ်ယောက်ဟာ သက်ဆိုင်ရာ တာဝန်ယူထားတဲ့ ကိစ္စတွေမှာ ကျွမ်းကျင်မှုရှိပါတယ်။ ဒါ့အပြင်ကို ဆက်လက်ပြီး လေ့လာသင်ယူနေတာကိုလည်း တွေ့နိုင်ပါတယ်။
၃။ တာဝန်ယူမှု ၊ တာဝန်ခံမှု ရှိပါတယ်။
ကိုယ် တာဝန်ယူထားတဲ့ ကိစ္စတိုင်းရဲ့ အကျိုးဆက် ၊ ဖြစ်လာနိုင်တဲ့ အကြောင်းအရာတွေနဲ့ ပတ်သတ်ပြီး တာဝန်ယူပြီး တာဝန်ခံရပါတယ်။ တစ်ချို့ကိစ္စတွေမှာ အထင်အမြင်လွဲမှားတာ ၊ ဒါမှမဟုတ် မလိုလားအပ်တဲ့ ကိစ္စလေးတွေကြောင့် အချင်းအရာများပြီးတော့ အဖုအထစ်ကလေးတွေဖြစ်တတ်ပါတယ်။ လျော့ရဲသူတစ်ယောက် ၊ အလေးအနက်မရှိသူတစ်ဦးကတော့ လုပ်ငန်းပြီးဆုံးပြီဆိုပြီး ဆက်လက်ပြီး ဖြေရှင်းတာမျိုးမရှိပဲနဲ့ ခေါင်းရှောင်တာမျိုး ၊ မျက်နှာလွှဲတာမျိုးလုပ်တတ်ကြပါတယ်။ Professional ဆန်သူတစ်ယောက်ကတော့ ဖြစ်လာတဲ့ အကျိုးဆက်တွေကို ဆက်လက်ရင်ဆိုင်ပြီးတော့ အကောင်းဆုံးဖြေရှင်းဖို့ စဉ်းစားပါလိမ့်မယ်။
၄။ အချိန်ကို လေးစားတိကျမှုရှိပါတယ်။
လုပ်ငန်းခွင်ဟာ အရေးကြီးတဲ့နေရာတစ်ခုပါ။ ကလေးကစားစရာနေရာမျိုုးမဟုတ်ပဲ တစ်ဦးနဲ့ တစ်ဦး ချိတ်ဆက်ပြီး လုပ်ကိုင်ကြရတဲ့ အသင်းအဖွဲ့ကြီးတစ်ခုလိုပါပဲ။ တစ်ချို့နေရာတွေမှာ အချိန်နဲ့ ပြီးမြှောက်ရမယ့် ကိစ္စတွေရှိပါတယ်။ အချိန်ကို မလေးစားတဲ့သူတစ်ယောက်ကြောင့်မို့လို့ တစ်နေရာမှာ နောက်ကျနေရာကနေမှ လုပ်ငန်းတစ်ခုလုံး အရှေ့မရောက်ပဲ နှောင့်နှေးနိုင်တာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့်မို့လို့ အလုပ်ကို အလေးအနက်ထားလုပ်ကိုင်သူတွေဟာ ကိုယ့်တာဝန်ယူထားတဲ့ အလုပ်ကို သတ်မှတ်ထားတဲ့ အချိန်ထက် နောက်မကျစေတတ်ကြပါဘူး။ တစ်ခါတစ်လေမှာသာ မမျှော်လင့်ထားတဲ့ အခြေအနေအရပ်ရပ်ကြောင့်မို့လို့ လွဲချော်မှုရှိတတ်ကြပေမယ့် ဒါဟာ ၁၀ ခါမှာ ၁ ခါလောက်သာဖြစ်တတ်ကြပါတယ်။
၅။ ကျင့်ဝတ်တွေကို စောင့်ထိန်းတယ် ၊ လိုက်နာတယ် ၊ လေးစားပါတယ်။
နေရာတိုင်းမှာ ကျင့်ဝတ်တွေ ၊ စောင့်ထိန်း ၊ လိုက်နာရမယ့်အချက်တွေရှိပါတယ်။ ဒါတွေဟာ အကြောင်းမဲ့ သက်သက်ကန့်သတ်ထားတာမျိုးမဟုတ်ပဲနဲ့ အကျိုးအကြောင်းရှိလို့ လိုက်နာစောင့်ထိန်းကြရတာမျိုးတွေပါ။ ဥပမာ – ဆီဆိုင်အတွင်းမှာ ဆေးလိပ်သောက်ခြင်းကို ကန့်သတ်ထားတာဟာ မီးလောင်လွယ် ၊ ပေါက်ကွဲလွယ်တာမို့ မလိုလားအပ်တဲ့ ထိခိုက်မှုတွေ မဖြစ်အောင် ကြိုတင်ကာကွယ်တဲ့သဘောပါပဲ။ လူမှုဆက်ဆံရေးတွေ ၊ လုပ်ငန်းခွင်တွေမှာ ကျင့်ဝတ်ပိုင်းဆိုင်ရာတွေဟာ အရေးကြီးပါတယ်။ ထိလွယ်ရှလွယ်သဘောမျိုးရှိတာမို့ professional ဆန်သူတစ်ယောက်ဟာ ဒီအကြောင်းအရာကို ကောင်းကောင်းနားလည်ပြီး လေးစား ၊ လိုက်နာ ၊ ကျင့်သုံးနိုင်ပါတယ်။
၆။ တောင်းပန်ဖို့ရာ ဝန်မလေးတတ်ပါ။ ပြန်လည် ပြင်ဆင်ဖို့ရာအတွက် နှောင့်နှေးကြန့်ကြာမှုမရှိပါ။
အရာရာတိုင်းဟာ အလုံးစုံ စင်းလုံးချောပြီး အောင်မြင်တာမျိုးမရှိပါ။ တစ်ခါတစ်ရံမှာ ကြန့်ကြာမှုရှိနိုင်တယ်။ တစ်ခါတစ်ရံမှာ ချွတ်ချော်မှုတွေရှိလာနိုင်ပါတယ်။ အဲ့ဒီလိုအခါမျိုးမှာ ကိုယ့်ရဲ့ လိုအပ်ချက်ကြောင့်ဖြစ်လာတဲ့ အကျိုးဆက်ကို တောင်းပန်ဖို့လိုပါတယ်။ နောက်ပြီးတော့ ကိုယ့်ရဲ့ လိုအပ်ချက်ကို သိမြင်ပြီး နောက်ဒီလိုမျိုး မဖြစ်အောင် ပြင်ဆင်ဖို့လည်း လိုပါတယ်။ လုပ်ငန်းကို professional ဆန်ဆန် လုပ်ကိုင်သူတစ်ယောက်ဟာ တောင်းပန်ဖို့အတွက်ဝန်မလေးတတ်ပါဘူး။ ထို့အတူပဲ ကိုယ့်ရဲ့ လိုအပ်ချက်တွေကိုပြန်လည် ပြင်ဆင်ဖို့ရာလည်း ဝန်လေးတတ်ခြင်းမရှိပါ။ သူတို့ဟာ တောင်းပန်ခြင်း နဲ့ ပြန်လည်ပြင်ဆင်ခြင်းဟာ မဖြစ်မနေလုပ်ဆောင်သင့်တဲ့အရာတစ်ခုလို့ စိတ်သွင်းထားတတ်ကြပါတယ်။
ဒီအချက်ကလေးတွေဟာ Professional တစ်ယောက်အတွက် အခြေခံကျတဲ့ ရှိသင့်ရှိထိုက်တဲ့ အချက်ကလေးတွေပဲဖြစ်ပါတယ်။ တစ်ချို့နေရာတွေမှာ တစ်ယောက်နဲ့ တစ်ယောက် စံနှုန်းထားတာခြင်းမတူညီတဲ့အတွက် သတ်မှတ်ချက်ကလေးတွေ ကွဲပြားတာမျိုးလည်းရှိနိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်လုပ်ငန်းကို လေးစားတယ် ၊ တာဝန်ယူတယ် ၊ ကျွမ်းကျင်မှုှရှိတယ် ၊ အချိန်တိကျတယ်ဆိုရင်ပဲကို ဒီလူဟာ လုပ်ငန်းခွင်ပိုင်းဆိုင်ရာမှာ လေးစားဖွယ်ရာ စံနှုန်းတစ်ခုပိုင်ဆိုင်ထားသူလို့ ဆိုရပါမယ်။ စာဖတ်သူတို့ရေ အခုမှာတော့ Professionalism နဲ့ ပတ်သတ်ပြီး အခြေခံ နဲ့ အကြောင်းအရာလေးတွေ သိလိုက်ပြီဆိုတော့ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ် ၊ ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် ကိုယ်ဟာ စံနှုန်းတွေနဲ့ လေးစားဖွယ်ရာ လူတစ်ယောက်ဖြစ်တယ်ဆိုတာကို လေ့လာပြီး ကိုယ့်ရဲ့ နာမည်ကို တည်ဆောက်လိုက်ကြရအောင်နော်။