Bahuthuta Corner.com

Toxic Person (သို့မဟုတ်) ပတ်ဝန်းကျင်ကို အဆိပ်အတောက်ဖြစ်စေကြသူများ

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အင်မတန်ကို စိတ်ရှုပ်စရာ ၊ စိတ်ညစ်ညူးစရာကောင်းတဲ့သူတွေကို မကြာခဏတွေ့ဖူးကြပါလိမ့်မယ်။ တစ်ယောက်နဲ့ တစ်ယောက် စိတ်ညစ်ညူးစရာကောင်းပုံခြင်းက တူညီချင်မှ တူညီကြပေမယ့် သေချာကြည့်တဲ့အခါ သူတို့မှာ တူညီတဲ့ အကျင့်စရိုက်တွေ ၊ ပုံစံတွေ ရှိနေတာကို သတိထားမိ ပါလိမ့်မယ်။ ဒီလူတွေဟာ မိမိကိုယ်ကို သိသိရဲ့နဲ့ ဖြစ်စေ ၊ မသိလို့ပဲဖြစ်စေ အဆိပ်အတောက်ဖြစ်ပြီး ပတ်ဝန်းကျင်ကို အဆိပ်ခပ်မိနေကြသလို ဖြစ်နေတတ်ပါတယ်။ ဒီကနေ့မှာတော့ ဗဟုသုတကနေပြီး ပတ်ဝန်းကျင်မှာ မြင်တွေ့ရနေကြ toxic person လို့ခေါ်တဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ သူတွေရဲ့ အမူအကျင့်နဲ့ အကြောင်းအရာတွေကို ဝေမျှပေးသွားပါမယ်နော်။ 

သူတို့ဟာ တစ်ဖက်သူ တစ်ဖက်အရာတွေကို ထိန်းချုပ်လိုစိတ်ပြင်းထန်တယ်။ 

ကျွန်တော်တို့ဟာ အနည်းနဲ့အများတော့ ကိုယ့်ပတ်ဝန်းကျင်ကသူတွေ ၊ အရာတွေကို ကိုယ်လိုချင်တဲ့ပုံစံ ၊ ကိုယ်လိုအပ်တဲ့ ပုံစံတွေကို ဖန်တီးယူတတ်ကြပါတယ်။ သာမန်သူတွေအနေနဲ့ ကိုယ့်လိုအပ်ချက် ၊ ကိုယ်လိုချင်တာ အပြင် တစ်ဖက်သူ ၊ တစ်ဖက်အရာတွေအဆင်ပြေခြင်း ၊ မပြေခြင်းအပေါ်ကို မူတည်ပြီး လိုတိုးပိုလျော့လုပ်တတ်ကြပေမယ့် toxic person တစ်ဦးကတော့ ကိုယ်လိုချင်တဲ့ အရာကို ရအောင်ထိန်းချုပ်ဖန်တီးလိုကြပါတယ်။ သူတို့အတွက်ဟာ သူတို့ အဆင်ပြေစေရေး ၊ သူတို့ လိုအင်ပြည့်ဝရေးတွေကိုသာ ဦးစားပေးပြီး တစ်ဖက်သူကို စဉ်းစားပေးလေ့မရှိတတ်ကြပါဘူး။ အတင်းအကျပ် မရရအောင်လုပ်ယူတတ်တဲ့ အပြုအမူတွေကြောင့် တစ်ဖက်သူဟာ ရေရှည်မှာ စိတ်ပင်ပန်း ၊ စိတ်ရှုပ်ထွေးရပါတယ်။ 

သူတို့ဟာ အရာရာကို အဆိုးမြင်တတ်ကြတယ်။ 

Toxic ဖြစ်တတ်တဲ့သူတစ်ဦးဟာ အဆိုးမြင်တဲ့ စိတ်တွေ အမြဲလိုလိုရှိတတ်ပါတယ်။ သူတို့ဟာ ကိုယ်တိုင် သိရဲ့နဲ့ဖြစ်စေ ၊ မသိလို့ပဲဖြစ်စေ တစ်ဖက်သူကို အဆိုးမြင်စိတ်နဲ့ ပြောဆို ၊ ထင်မြင် ၊ သုံးသပ် ၊ စွပ်စွဲ ၊ အပြစ်တင် ၊ ဝေဖန်လေ့ရှိကြပါတယ်။ သူတို့ဟာ ပြဿနာတစ်ခုကို ကြုံတွေရတဲ့အခါတိုင်း ဖြေရှင်းဖို့ထက် ပြဿနာကိုသာ ဦးတည်ပြီးတော့ အာရုံစိုက်တတ်ကြပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့ အဆင်မပြေမှုတွေ ၊ မကောင်းမြင်မှုတွေ ၊ မကောင်းတဲ့ စွမ်းအင်တွေကိုပါ ပတ်ဝန်းကျင်ကို ဖြန့်ဖြူးတတ်ကြတာမို့ သူတို့နဲ့ နီးစပ်ရာပုဂ္ဂိုလ်တွေဟာလည်း မကောင်းတဲ့ စွမ်းအင်တွေ ၊ အပြုအမူတွေကြောင့် စိတ်ပင်ပန်းကြရပါတယ်။ 

သူတို့ဟာ သူတို့သာလျှင် အမြဲမှန်တဲ့သူတွေလို့ တွေးတတ်ကြတယ်။ 

သူတို့ဟာ အမြဲတမ်းသူတို့ မှန်တယ်။ သူတို့ ပတ်ဝန်းကျင်က သူတို့ကို ငြင်းခုန်တဲ့သူတွေသာ ၊ အမှားကို ထောက်ပြတဲ့သူတွေကသာ မှားကြတယ်လို့ တွေးတတ်ကြပါတယ်။ ဒါ့အပြင် သူတို့ကို မှားတယ်လို့ လာပြောကြတဲ့သူတွေ ၊ ထောက်ပြတဲ့သူတွေကိုဆိုရင်လည်း ပြင်းပြင်းထန်ထန်တုံ့ပြန်တတ်ကြပါတယ်။ သူတို့ကိုယ် သူတို့ မှန်တယ်ဆိုတာကိုလည်း အတင်းအကျပ်သက်သေပြဖို့ ကြိုးစားကြရင်း တစ်ဖက်သူကို အပြစ်တင်ပြီး အရာရာပုံချတတ်ဖို့လည်း ကြိုးစားတတ်ကြပါတယ်။ လူတွေအမြင်မှာလည်း သူဟာ အမြဲတမ်း မှန်ကန်ပြီး ရိုးဖြောင့်သူတစ်ဦးအဖြစ် ပုံဖော်လေ့ရှိပါတယ်။ ကိုယ့်အမှားကို လက်မခံနိုင်ပဲ ကိုယ်ဟာ အချိန်တိုင်း ၊ အရာရာတိုင်းမှာ မှန်ကန်တယ်ဆိုပြီး တွေးခေါ်တတ်တာတွေဟာ ကိုယ့်ဘာသာတင်မဟုတ်ပဲ ကိုယ့်နဲ့ ပတ်သတ်တဲ့သူတွေကိုပါ အဆိပ်အတောက်တွေဖြစ်စေလာနိုင်ပါတယ်။ 

သူတို့ဟာ အင်မတန်ရိုးသားဖြူစင်ကြပါတယ် ၊ အင်မတန်ကို တခြားသူတွေရဲ့ အနိုင်ကျင့်တာတွေ ခံရပါတယ်ဆိုပြီး မကြာခဏ တဖွဖွ ပြောတတ်ကြပါတယ်။

ကိစ္စတွေ အားလုံးတိုင်းမှာ သူဟာ အဓိကဇာတ်ဆောင်မဟုတ်တောင် သူဟာအင်မတန်ရိုးသား ဖြူစင်ပြီး အပြစ်ကင်းတဲ့သူတစ်ယောက်ပါ။ သူ့ပတ်ဝန်းကျင်က သူတွေကသာ သူ့ကို ထိခိုက်နာကျင်စေရပါတယ်ဆိုပြီး ဇာတ်လမ်းတွေတိုင်းမှာ သူဟာ နစ်နာသူအဖြစ် မကြာခဏပြောတတ်လေ့ရှိပါတယ်။ ၂ ဦး ၂ ဖက် ဆက်ဆံရေးတွေမှာတောင်မှ သူဟာ အမြဲတမ်းနစ်နာသူတစ်ယောက် ၊ အမြဲတမ်းသည်းခံရသူတစ်ယောက် ၊ အမြဲတမ်း နားလည်ပေးရသူတစ်ယောက်အဖြစ် ကိုယ့်ဘာသာ ပုံဖော်တတ်ကြပါတယ်။ မိသားစုတွင်းမှာဖြစ်စေ ၊ လုပ်ငန်းခွင်မှာဖြစ်စေ ၊ သူငယ်ချင်းတွေကြားမှာဖြစ်စေ ၊ သမီးရည်းစား ဆက်ဆံရေးတွေမှာဖြစ်စေ သူ့ကိုယ်သူ အပြစ်မမြင်ပဲ အပြစ်တင်မခံရစေဖို့အတွက်ကို ကာကွယ်ရင်း တခြားသူတွေကို မကောင်းတဲ့ နေရာကို ပစ်သွင်းတတ်ကြလေ့ရှိပါတယ်။ 

သူတို့ဟာ အရာရာကို သူတို့အတွက်ပဲ အခြေပြုစဉ်းစားတတ်ကြပါတယ်။ 

Toxic ဖြစ်တဲ့သူတွေ အများစုဟာ အရာရာတိုင်းကို သူတို့အတွက်ပဲ သူတို့စဉ်းစားလေ့ရှိကြပါတယ်။ သူတို့ဟာ တစ်ဖက်သူအတွက် စဉ်းစားတွေးခေါ်ပေးတတ်ကြတာနည်းပြီး ကိုယ်အဆင်ပြေရေး ၊ ကိုယ့်စိတ်အဆင်ပြေသက်သာရေးကိုသာ ဦးစားပေးကြပြီး တစ်ဖက်သူရဲ့အခြေအနေတွေကို လစ်လျူရှု့တတ်ကြပါတယ်။ ဒါ့အပြင် ခေါင်းမာတတ်ကြပြီး ကိုယ်လိုချင်တဲ့ အရာ ၊ ကိုယ်လိုချင်တဲ့ အခြေအနေကို မရရအောင် တစ်ဇွတ်ထိုးပြုမူတတ်ကြတဲ့သူတွေလည်းဖြစ်ပါတယ်။ သူတို့ဆီကနေပြီး တစ်ဖက်သူအတွက် စဉ်းစားပေးတာမျိုးတွေ ၊ ကိုယ်ချင်းစာတာတွေမရှိတာမျိုးတွေကြောင့် ပတ်ဝန်းကျင်ဟာ အင်မတန် စိတ်ပင်ပန်းရကြပါတယ်။ 

Toxic person တွေ ၊ အဆိပ်အတောက်ဖြစ်စေတဲ့သူတွေဟာ သိသိရဲ့နဲ့ဖြစ်စေ ၊ မသိဘာသာဖြစ်စေ တစ်ဖက်သူကို ထိခိုက်စေမယ့် ၊ နစ်နာစေမယ့် အပြုအမူတွေကို ပြုမူတတ်လေ့ရှိကြပါတယ်။ တစ်ခါတစ်လေမှာ ဒီလိုအပြုအမူတွေဟာ တကူးတကလုပ်တာမျိုးမဟုတ်ပဲ ကိုယ်ကြီးပြင်းလာခဲ့တဲ့ ပတ်ဝန်းကျင်ရဲ့ သက်ရောက်မှုတွေကြောင့်လည်း အဆိပ်အတောက်ဖြစ်စေတဲ့ အကျင့်စရိုက်မျိုးတွေ ရှိလာတတ်ပါတယ်။ အကယ်၍ကိုယ်ကသာ သူများကို စိတ်အနှောက်အယှက်ဖြစ်စေတဲ့သူမျိုးဆိုရင် ဒီလိုအကျင့်စရိုက်တွေဟာ မိမိကိုယ်ကိုသာမက ပတ်ဝန်းကျင်ကိုပါ အဆိပ်အတောက်တွေဖြစ်စေတာမို့ ပြုပြင်ကြဖို့ အကြံပြုရေးသားရင်းနဲ့ပဲ အဆုံးသတ်ပါရစေနော်။ အဆုံးထိဖတ်ရှု့ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။ 

ဗဟုသုတကော်နာမှ လူငယ်များအတွက် ထိရောက်ပြီးအကျိုးရှိစေမည့် သုတ၊ရသစုံဆောင်းပါးတိုများအား ရေးသားတင်ဆက်ပေးလျက်ရှိပါတယ်။ သင်ယူရရှိလိုက်သည့် ဗဟုသုတများကို လက်တွေ့အသုံးချမှသာလျင် မိမိတို့ဘ၀အတွက် အကျိုးဖြစ်ထွန်းစေမှာဖြစ်တယ်။ ထိုအတွက်အကြောင့် စာဖတ်သူပရိသတ်များအာလုံး ဗဟုသုတမှသည် လက်တွေ့သို့ အကောင်အထည်ဖော်နိုင်ကြပြီး လိုရာပန်းတိုင်ကို တက်လှမ်းနိုင်ကြပါစေ။ ဆက်လက်ပြီး ဗဟုသုတကော်နာသို့ ကြော်ငြာကိစ္စနဲ့ ပတ်သက်ပြီး တစုံတရာ ဆက်သွယ်လိုပါကလည်း အောက်ပါလိပ်စာသို့ မေးမြန်းစုံစမ်းနိုင်ပါတယ်- [email protected]

-Bahuthuta Corner

Share:

More Posts

Send Us A Message